တပေါင်းလဖွဲ့  (၅)
အော် တဖော်ဝေးနယ်၊ ဆွေးသူမယ်ကို၊ ဗျာကြွယ်ကျွမ်းရုံ၊ လွမ်းခွင့်ပုံအောင်၊ ဘုံကသစ်နေ၊ လေးမယ့်ဆွေနှင့်၊ မပြေငြိုရှိန်၊ သုရာရန်ဖြစ်၊ ပြန်မူးငယ်ရစ်သည့်၊ နတ်စစ်ချိန်မို့ ၊ မင်တိမ်ငယ်ညိုလဲ့ ၊ ပြိုမကဲ့ သို့ ၊ တာနယ့်ရှစ်ခွင်၊ ထက်ဝန်းကျင်မှာ၊ မွမ်းဖြင်ခိုးမြူ၊ တိမ်လျှပ်စစ်ကယ်တို့ ၊ တပ်သစ်ငယ်ကူသည်၊ သည်းအူကြွေဖို့ လုပ်သည့်နှယ်။
နက်ကျောငယ်ကေရှင်၊ ဘယ်မှန်ဖြီးမှ၊ ဖီးမသင်သည်၊ တမင်ပွေလို့  ရှုပ်ချည့်မယ်။
ကုမုဒ်မြင့်ကွန်းပိုင်၊ အလွမ်းနေရုံနှင့်၊ မြေ၀သုန်လေရေထပ်ပေမို့ ၊ ဆည်တံ့ ရပ်နိုင်။
တွေမှိုင်၊ ခွေယိုင်၊ ပွေလှိုင်၊ ရွှေကြာခိုင်ကို၊ နေထောင်ပြိုင်ခ၊ ထပ်ကူလှောက်လို့ ၊ ပူတောက်ပကြပေပ။
ခက်ဆစ်အဖြေ
ဘုံကသစ်နေ = ပင်လယ်ကသစ်ပင်ရှိရာ တာဝတိံသာနတ်ပြည့်ရှင် သိကြားမင်း။
လေးမယ့်ဆွေ = သုဇာတာ၊ သုဓမ္မာ၊ သုနန္ဒာ၊ သုစိတ္တာ ဟူသော နတ်မိဖုရားလေးပါး၏အရှင် သိကြားမင်း။
သုရာ = (ပါ) အသုရာနတ်။
ဂမုတ် = (ပါ) ကုမုတ်၊ ကုမုဒ္ဒရာကြာ ပြာသာဒ်။
ဝသုန် = (ပါ) ၀သုန္ဓရ၊ ဥစ္စာကိုဆောင်ယူတတ်သော မြေကြီး။
လေးချိုးသဖြန်
ဝနပ္ပဂုမ္ဗေ ။
ခက်ချင်းညှာဆိုင်နှင့်၊ ဂေါ်ငုံခိုင်၊ ထုံလှိုင်ဘဲ ပျံ့ ပါဘိ၊ ညှင်းညံ့ လေပြေ။
ရွက်အုပ်ကယ်ဝေ၊ မိန်နွေလရက်ပိုင်း။
သုံးဘောင့်ထွတ်စွန်၊ မြတ်ဖျားသယံမွန်မှ၊ သာအလွန်စာညွှန်ဟောခဲ့ တယ်၊ တောနဲ့ တောင်တိုင်း။
ခက်ဆစ်အဖြေ
ဝနပ္ပဂုမ္ဗေ = (ပါ) တောခြုံအစု၊ တောအုပ်။
သုံးဘောင့်ထွတ်စွန် = ဘုံသုံးပါး၏ အထွတ်အမြတ်ဖြစ်သော ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ၊ ဘုံ၊ ဘောင်၊ ဖြစ်ရာအရပ်။
သယံ = (ပါ) သယမ္ဘူ၊ တရားအလုံးကို အလိုလိုသိတော်မူသော မြတ်စွာဘုရား။