တပေါင်းလဖွဲ့  (၂)
အော် ခါချိန်အစဉ်၊ မိန်အယှဉ်ကို၊ သဉ်ကြာညောင်မြင့်၊ ကိုးရောင်ပွင့်မှာ၊ တင့်သီတဂူ၊ တရထည်လေ့၊ ငါးအင်ကြွေတဲ့ ၊ ပင်မွေ့ သူတို့ ၊ လွမ်းမူငယ်ကြွယ်မောက်၊ ပြယ်မပျောက်အောင်၊ လွယ်နောက်ကယ်သိုင်းတင်၊ သင်တိုင်းယှဉ်လဲ၊ သဘင်မြူးမိုက်၊ ခေါင်ကြူးကြိုက်မို့ ၊ စူးစိုက်ကယ်စဉ်လာ၊ ကျောက်စွယ်ခါးပန်း၊ သူတို့ မြန်းတဲ့ ၊ တောင်နန်းသာမှာ၊ ဇာလာလျှံပွင့်လင်းတော့တယ်။
ပိုက်မှူးငယ်တံငါ၊ တောင်တံသံလေး၊ ရိုက်ညှိပေးလို့ ၊ ရိုဟေးငယ်ငြာသည်၊ ဘာသာဖန်တီးလို့ ခင်းတော့တယ်။
သုံးမည်ငယ်ဝီထိ၊ အံသုမာလီ၊ လျှံဝါချီသည်၊ ဗာဟီထိလို့ ၊ အာဒိဂိမှေ၊ သည်ချိန်နွေကို၊ တိမ်ဖြေစည်အောင်၊ ဘယ်နည်းဆောင်ပါ့မယ်။
ခက်ဆစ်အဖြေ
မိန် = မိန၊ ငါးနှစ်ကောင် ရာသီရုပ်ရှိသည့် တပေါင်းလ။
သဉ်ကြာ = သဉ္ဇာလီကြာညောင်။
ကိုးရောင် = န၀ရတ်ကိုးပါး၏အရောင်။
သီတဂူ = (ပါ) အအေးဓါတ်ရောက်ရာ လမင်း။
တရထည် = ထပ်တူ၊ အညီအတူ။
ငါးအင် = ကောင်းခြင်းငါးဖြာ၊ အင်္ဂါ ၅ ပါး။
ပင်မွေ့ သူ = ပင်ကိုယ်ဘာသာဘာဝ ပျော်ရွှင်သူ။
သင်တိုင်း = ကိုယ်ပေါ်တွင် လုံအောင် ရုံဝတ်ရသော အင်္ကျီရှည်။
ဇာလာ = (ပါ) မီးတောက်။
ဝီထိ = (ပါ) လမ်းကြောင်း ( သုံးမည်ကား - အတွင်း၊ အပြင်၊ အလယ် )
အံသုမာလီ = (ပါ) နေမင်း။
ဗာဟီ = (ပါ) အပြင်။
အာဒိ = (ပါ) အစ။
လေးချိုးသဖြန်
ရှစ်ဘောင်လုံး၊ မှောင်တုံးမင်ညွန့် သော်။
သဇင်နှောင်း၊ ဖယောင်းကျန်တဂုဏ်လွတ်လို့ ၊ ဖက်ဆွယ်ကယ်ရာသီသိငယ်က၊ ဘုန်းချိခဲ့ သော်။
ဝတ်ရည်ယူခြွေသပါတဲ့ ၊ မေစကသွေးလျှော်၊ မည်ဖော်ဝံ့ရက်ပါဘူး။
ဈာန်ပါဒေ၊ သင်္ခါရေဆင်လှိုင်းတဲ့ ၊ ကသိုဏ်းသူတော်မှန်တို့ ၊ ပရိကံမတည်ပနိုင်ဘူး၊ သည်လသည်ခါကြုံက၊ သာပုံကို ငါးမာရ်လွှင့်သော်မှ၊ ဟောရင့်မြွတ်ကျူး။
ခက်ဆစ်အဖြေ
ရှစ်ဘောင် = အရပ်ရှစ်မျက်နှာ။
ဖယောင်း = သစ်ပင်ကပ် ဖယောင်းပန်း၊ ကြက်တူရွေးပန်း။
ဖက်ဆွတ် = တပေါင်းလတွင် ပွင့်သည့် ရာသီပန်း။
ရာသီ သိ = ရာသီကို သိတတ်သောပန်း။
မေစက = (ပါ) မည်းနက်သော။
ပါဒေ = (ပါ) သင်္ခါရ၊ ပြုပြင်စီရင်ကြောင်း သဘောတရား။
ကသိုဏ်း = (ပါ) ကသိဏ၊ အလုံးစုံကမ္မဌာန်းရှုရာ အပိုင်းအခြားအဆုံး။
ပရိကံ = (ပါ) ပရိကမ္မ၊ ကမ္မဌာန်း ကသိုဏ်းရှုရာတွင်အခြေခံမှစ၍ ပြုလုပ်သော နှလုံးသွင်းမှု၊ စီးဖြန်းမှု။
ငါးမာရ်လွှင့် = မာရ်ငါးပါးကို ဖြိုဖျက်သော မြတ်စွာဘုရား။
No comments:
Post a Comment