တပေါင်းလဖွဲ့ (၃)
အော် ကျန်နှင်းဝတ်ငွေ၊ ဆွတ်ပျံ့ ကြွေအောင်၊ နတ်လေမောင်းနှင်၊ ညှာညောင်းကျင်လို့ ၊ ဂေါ်အင်ကြင်းခိုင်၊ ထသင်းငယ်ကြိုင်သည်၊ ဂနိုင်စုံတို့ ၊ ငုံအစို့ နှင့်၊ သို့ သည်ခါမှီ၊ လရာသီမှာ၊ လှော်သိင်္ဂီစုတ်၊ သွန်းရွှေရုပ်တို့ ၊ ဆောင်မုတ်ယွန်းပြေ၊ ညောင်ကွန်းဗွေတွင်၊ လွမ်းစိမ့်စေသား၊ ကျွဲရွှေဖားနှင့်၊ ငွေငါးမန်းတိုင်၊ မီးရေယမိုက်၊ အောင်ဗျာသိုက်က၊ ၀န်းဝိုက်ကယ်ဆိုင်သည်၊ ဗျာလှိုင်ကြွေမြေ့  ကျွန်းတော့တယ်။
မြှောက်ကျူးငယ်သံရှည်၊ ပုစွန်စည်လဲ၊ တီးမြည်ညိုးညံ၊ နတ်ဝိဇယုတ်၊ သီကျူးမှုတ်လို့ ၊ ရွာရုပ်ကယ်ဖန်သည်၊ ရှစ်ဌာန်နယ်ပြည့်ရွှန်းတော့တယ်။
မြသင်တိုင်းဆောင်၊ မှုန်ရီညိုမဲ့ ၊ ပြိုမကဲ့ သို့ ၊ ညိုလဲ့ ငယ်မှောင်သည်၊ တိမ်တောင်ပတ်လည်ဝန်းတော့တယ်။
ခက်ဆစ်အဖြေ
သိင်္ဂီ = (ပါ) သိင်္ဂီနိက္ခ၊ ရွှေ။
ယွန်း = ကွေ့ ယွန်း၊ အချွန်းအထောင့်။
ကျွဲရွှေဖား = ကျွဲနဖါးတောင်၊ မန္တလေးမြို့ အရှေ့ တောင်ဘက်တွင်ရှိသည်။
ငွေငါး = ငါးရံ့ မင်းတောင်၊ မန္တလေးမြို့ အရှေ့ ဘက်၊ ရန်ကင်းတောင်စုတွင်ပါဝင်သည်။
မန်း = မန္တလေးတောင်၊ ဤတောင်ကိုစွဲ၍ ရတနာပုဉ္ဇမြို့ ကို မန္တလေးမြို့ ဟုခေါ်တွင်သည်။
ယမိုက် = (ပါ)ယမက၊ အစုံအစုံ၊ ရေမီးအစုံပြသောတန်ခိုးတော်။
ပုစွန်စည် = ပုစွန်လက်မစည်။
ဝိဇယုတ် = (ပါ) ၀ိဇယုဿဝ၊ သိကြားမင်း၏ ခရုသင်း။
လေးချိုးသဖြန်
အလွမ်းတဲ့ ဗျာနှောင်။
ဘုံကွန်းညောင်ဗွေက၊ ဖျော်မပြေ ဖေါ်ကွာဝေးသူတို့ ဆွေးရှာတော့အောင်။
ရွှေအမ္ဗုန္ဓာနှင့်၊ ၀လာကနတ်မောင်၊ ရွာယောင်ပြရွှင်မြူး။
ဆွေးတဲ့ မေ၊ ဆွတ်သဲကြေကြွေစေဘို့ ၊ မာန်မပြေ၊ ဖန်ဖွေရှာလို့ ၊ ချုန်းသာသင့်ဘူး။
No comments:
Post a Comment