Tuesday, 24 July 2012
တောင်စောင်းပျော်ဘွယ်
တကြောမှောင်ပြာ၊ ကေလာတောင်ခိုးဝေ။
ကန်ခြေဦး၊ လင်းပြာမြူးတယ်လေ။
သာထူးထွေ၊ ဝေးမြေတာမှာ၊ ကွာလေကော၊ လာလေဟေ၊ ဩောဩ နောက်မူးဝေ။
ခွန်းသံချွေ၊ ရှောက်ကိုင်းမှာ၊ ချိုးက၀ိုင်း။
ပလိုင်းကိုလွယ်၊ ဆင်တယ်သင်တိုင်းခြုံ၊ ယဉ်ပုံထုံး၊ အို ဗီလုံးမှာလေ၊ ကြွေကုံးစီ။
ကြိမ်နီချုံမှာ၊ ပျားအုံပေါ၊ တောပွေလီ၊ မှောင်ခိုးရီ။
ချောင်းညီနောင်ရေဧမှာ၊ သဲကဆွေး။
တရေးဖန်ညွှန်၊ လူဝံညိုမဲကောင်၊ တောတောင်ရင်း၊ အို ရဲမာန်သွင်းတယ်လေ၊ ဖော်ချင်းနှောင်။
စီစီလောင်၊ တောကြောင်ချင်း၊ ခင်းရန်ထောင်၊ ဪဩမျောက်လောင်းကောင်။
အိုမဲမှောင်၊ ချုံထဲမှာ ရိုလေးဆွဲ။
တကဲသာညီ၊ မြေနီတောင်စောင်းဝယ်၊ ချုံနွယ်တော၊ အိုလင်းမြွေပေါတယ်လေ။
ဝေ တောလယ်၊ လာလေယောက်ဖငယ်၊ တောင်စောင်းပျော်ဘွယ်၊ ထိုကွင်းငယ်။
တောယုန်ငယ်လေ၊ ရေဆင်းမှား၊ ဖားအုန်းအင်း၊ တသင်းဖော်ပြိုင်၊ ချေ စိုင် ပြောင် မြူးပျော်။
ခွေးခေါ်လှမ်း၊ အိုလွှဲကျော်သန်းတယ်လေ၊ နွယ်တန်းပေါ်။
တွန်ခေါ်သံ၊ ခါကြော်ညောင်း၊ ဒေါင်းရော်သော်၊ ဪဩမြိုင်တောမှော်၊ လွမ်းဘွယ်နှော၊ သာမောတယ် ပန်းကပေါ။
ကရင်ဩသံ
ခက်ဆစ်
ဗီလုံး   =       ဆံထုံးတမျိုး
Monday, 23 July 2012
ပုံကြီးသည်
မောင့်ပုံသံ အစာကောင်းလို့ ၊ မောင်းသံလိုဟီ။
ချစ်ကြိုးသီတဲ့  ပင်ကိုယ်လှရယ်၊ မင်း ကြွခဲ့ အုံး။
ပုံပွဲကိုတဲ့  ရှုမယ်လာ၊ ကိုက်ဗျာဆံရှည်ပါလှတယ်၊ သားများမေလား။
သားများမအေ၊ တကယ်လေ ပုံတော်သား၊ ရဲပါ့မလား။
ပုံပွဲကိုတဲ့ရှုလှဲ့ ပါ၊ ပြူတင်းရယ် လေသာပေါက်က၊ မေးထောက်လို့ မှာ။
မယ်မလာ၊ လိပ်ပြာကိုစေတဲ့လားကွယ်၊ ဘုန်းမဲ့ကိုယ်စား။
ချစ်ပါတဲ့  ကြိုက်ပါ၊ လူပျိုတွေ လယ်ကန်သင်းက၊ ပျင်းနေ့ တိုင်းလာ။
မချစ်သာလို့ နေပါသေးတယ်၊ မကြိုက်သာလို့ နေပါသေးတယ်။
နှစ်မလေး ကိုယ်မအားတယ်၊ ရဲစားနှင့်လေး။
ရွှေနားတောင်းကိုလ၊ ပုံခေါင်းလောက်ဝတ်စေ့မယ်၊ ပုံကြီးသယ်လိမ့်လယ်လှဲ့ ၊ နားချဲ့ မိတယ်။
မေးပါနဲ့ ဟယ်၊ ရွှေကိုကွယ်မဆိုထားနှင့်၊ ငွေကိုကွယ်မဆိုထားနှင့်၊ သူ့ နားမှာ ရွှေပေရွက်ကို ပေးရက်ကဲ့လား။
လုပ်ရတယ်တဲ့ ကိုင်ရတယ်။
မောင်ကြီးထွန်ကိုဖြုတ်လျှင်၊ ပျိုးနုတ်ရတယ်။
လုပ်ငန်းရယ်တဲ့မတွင်သာ။
နွားပြာပိန် ချိုလိန်ကော့က၊ အားပျော့လို့ ဗျာ။
ထမင်းက ညံ့လိုက်တာ၊ မသေရုံချဉ်ပေါင်ဟင်း၊ တင်းမျိုရရှာ။
ထွာနံငယ် ခမောက်စုတ်နှင့်၊ လူလုပ်ကယ်တဲ့ညံ့လိုက်တာ၊ ဆိုးတဲ့ကံဟာ။
မိုးမရွာမြေသာကွဲလို့ ၊ ခနွှဲနှင့်ရေကိုတင်၊ ပန်းတဲ့ဖြစ်အင်။
ကောက်ကြီးနှင့်မယ်စောကို၊ ရောနှောလို့ ပျိုးထောင်။
သည်ပျိုးကိုရေအောင်မှ၊ မယ်နှင့်မောင်အလှူပေးရမယ်၊ မိုးကူပလေး။
ရွှေဘိုပုံကြီးသံ
ခက်ဆစ်
ခနွှဲ     =       ရေပက်ထုတ်ရန် မောင်းတံတမျိုး
မယ်စော        =       ကောက်လတ် (၁၀) မျိုးအပါအ၀င် စပါးတမျိုး
ရထားယာဉ်စကြာ
အဆုံအဆုံ ဒဂုံမွန့် တွင်၊ ၀သုန်ဝသုန်ရဂုံညွန့် မှာ၊ တဖုံတဖုံ ဂဠုန်ကွန့် လို့ ၊ နဂါးရုံတွန့်  တောင်ပတ်ခြံ၊ ကြိုင်သက မြိုင်မဟာ့ လှိုင်တ၀မြောင်ချပ်ရံတယ်၊ အောင်ရပ်မှန်ဟံနန်း။
ဘူမိမြတ်မူနိပါတ် တူဗိလတ်ကဲ့ အသွင်လို၊ ချဲ့ အသွင်ထူးတော့ တဆန်း။
မီးရထားပြန့်  ကြီးတအားခန့်  သီးတခြားသန့် စက်ရ၀ိန်ငယ်၊ လက်အရှိန်မိုလျှမ်း။
နေကမ္ဘာသွေကွာကွာ နွမ်းနိုင်ဘူ့ ၊ မြေပထဗျာ ဧရာလမ်းမှာဖြင့်၊ ဘွေသာခန်းလူ့ ဘောင်။
မင်္ဂလံယာဉ်ရဟတ်ပေမို့ ၊ လျင်အမြန်တရစပ်ပေပ၊ စဉ်မပြတ်ထွန်းချည့်တန်ဆောင်။
တော်သံဂြိုးဂြိမ့်၊ ဆော်ဖန်ညိုးညိမ့်၊ ကျော်သံသိုးသိမ့်၊ ဒိုးဒိမ့်ဒေါင်ငယ်၊ ဗိုးဗလိမ့်ဗောင်ရေကိုလွှားလို့ ၊ မိုးဘ၀ိန့် ခေါင်လေကိုဝါးလျက်၊ မြေကိုမနား အသွားလျင်စွာ၊ ရထားယာဉ်စကြာ။
နေအရုဏ်ငံ့။
ရွှေပဒုံပန့်း တေဇဂုဏ်ခံ့ ဘုံဟံ့သာမှာ၊ ကြုံပြန့် ရတနာ ဗိုလ်လူစီးဘို့ လေး။
ဝိဇ္ဇာယောဂ၊ စိတ်ဖြာဆောစွ၊ ဒိဗ္ဗာသောတ လောကဘုံမှာ၊ ပြောပမကုန် ဓာတ်နန်းသွယလို့ လေး။
တေးထပ်ဆန်း
Tuesday, 17 July 2012
ကိုတံငါ
ယမုံန္နာ သီတာသောင်ခြေဦးမှာလလေ။
သနားဘွယ် လူနှယ်ခေါ်သံ ထူးလို့ လေး။
ကြည်နူးဘွယ့် မယ့်တကိုယ်၊ ရွှေဟသာင်္ မောင်နှံငှက်ကယ်တို့ ၊ ကြင်ဖော်မှာ ကြင်ဖော်ဘက်ကယ်နှင့်၊ တူပျော်ပျော်လေ၊ ဘယ်ခါမှ စက်ရပါ့၊ လည်ယှက်ကာသူတို့ လို။
မဖိုခေါ်သံ၊ လူ့ နှယ်သူ့ ဟန်၊ ဖော်ကွာသူ ဆွေးစေဖို့ ဖန်။
သဲတဲ့သဲ ငွေလျှံ၊ ၀ဲတဲ့ဝဲကာပျံ။
အို ငါးကြင်းတွေဆန်။
ငါးတန်တွေ သောင်ရေစီးမှာလ၊ ကိုတံငါလှေယာဉ်စီးပါလို့ ။
ပိုက်ကြီးတွေနဲ့ ရေချလာ၊ တောင်တင် သံသာသာနှင့်၊ တံငါလှေ လောင်းဆင်း။
အို နဒီတွင်းမှာလ၊ နှင်းငွေဆော်။
ချမ်းလို့ တုန် မလုံကွေးတယ်၊ ကိုယ်ရေးကြုံတော့နော်။
တပေါင်းတန်ခူး မိုးသားကျူး၊ လေရူးဆော်လှာပုံ၊ နဒီတွင်းမှာလ၊ ကို ငါးကြင်းငယ်တို့ ၊ ပိုက်တွင်းမှ သူတို့ ခုန်၊ လွမ်းလေ ပူပုံ ပူပုံ ပွားပါလို့ ၊ အားကကုန်၊ သောင်ယံမှာ မောင်နှံငှက်ကယ်တို့ ၊ လည်ချင်းယှက်ပါလို့ ၊ နွှဲကာပျော်စံ၊ ဆွေးစေဖို့ ဖန်။
ကြင်ဖော်ကွဲရော့ထင့်၊ ၀ဲကာပျံတယ်၊ သည်သောင်ယံက၊ မခွာရက်တယ်၊ ကြံခက်လို့ ပန်း။
ပက်ပျိုး
Monday, 16 July 2012
ယာလယ်လုပ်လို့  တောမှပျော်
ခက်ရင်းစွယ်စုံ စိန်တောင်ကြီးနှင့်၊ ငါးစီးဆင်ပြောင့် အားပေကို။
ဇဗ္ဗူစိုးရ နတ်ရှင်ကျွန်၊ တုလို့ ချွန်လျှင်၊ ခန္ဓာစဲမယ်၊ ရဲရန်ညွန့် ဖြို။
ကိုးပိဿာစီး ဓားမကြီးနှင့်၊ ရန်မီးသတြု ငေါက်လျှင်ပြို။
ကုန်းဘောင်ရွှေဘို၊ ထောင်ကနက်က၊ ဘေးဘိုးစဉ်ဆက် ခုတိုင်အောင်၊ ရေးတော်မရှောင်၊ ထမ်းတဲ့ ယောက်ျား။
ယာလယ်လုပ်လို့ တောမှာပျော်၊ စီးပွားထင်ပေါ် ပြောင်းနှင့်စပါး။
ပဲမျိုးအပြား၊ ဗူးသခွား၊ ကယားမြို့မနယ်တခွင်။
ဝါနှမ်းစုံလင် ချဉ်ပေါင်ခင်းနှင့်၊ မကြွင်းခါးရမ်း သီးမျိုးလျှမ်း။
ပိုက်တန်း စည်းဝိုက် ရွှေယုန်ထောင်ကာ၊ ချိုးနှင့်ငုံး စာငယ်ကိုလေ။
ပတ်မွှေးကြိုင်စွာ၊ ဇွန်လုံးထိန်ထိန်ဝါ၊ ရေယဉ်စီးတဲ့ တောမြိုင်သာ။
ပြောင်းပဲရောရာ၊ ဆန်တ၀က်နှင့်၊ စပျစ်ကျင်းလျက်၊ ပြည့်အနှက်။
လူပျိုချက်တဲ့ ဟင်းလျာကို၊ ရောရာစုံ ချိုလှချည့် အပျိုရွှေနံကားအောင်၊ စားပါလှည့်ပုံးပေါ။
တောင်သူကြီးရုပ်ဒုံးချင်း
ခက်ဆစ
စပျစ်            =       ဗျက်တမျိုး
ရွှေမိုင်းသူ
မဆင်ဘဲနှင့်အကဲပေါ်၊ ရွှေမိုင်း လူတော်ကြည့်လိုက်ကြစမ်း။
ချစ်တယ်လို့ ဆို၊ ပျို့ ဆီကို တယ်မတိုးနှင့်၊ ကျွဲညိုကဆိုး၊ တော်တို့ ၊ ရှင်တို့ ၊
ကြိုက်တယ်လို့ ဆို၊ ပျို့ ဆီကိုတယ်မတိုးနှင့်၊ ကျွဲညိုကဆိုး၊ တော်တို့ ၊ ရှင်တို့ ။
သနပ်ခါးကွက်ပါးမှာကူ၊ ရွှေမိုင်းသူတော့်၊ ကျုပ်အလှဆုံး။
မေတ္တာပွားလို့ ၊ စိတ်ထားတူ၊ ကြိုက်လျှင်ယူတော့် တသက်ပန်လုံး။
နောက်ခါများကိုတဲ့ ကွာခြားမူ၊ ကျွဲခေါင်းငွေဖြူပေးမှ ပြတ်ထုံး။
မယုံစမ်းတော့် မှန်းတဲ့ သူငယ်၊ ရွှေမိုင်းသူတော့်၊ တို့ မှ တို့ စမ်း။
တို့ စမ်း။
ရွေးမျှ လျှော့ဘူး ကျွဲခေါင်း။
ဟန်ချင်း
ခက်ဆစ
အကဲ                      =       အရည်အသွေး
ရွှေမိုင်း                    =       လမိုင်း။ ဘုရင်ပိုင်သောလယ်
ကျွဲခေါင်းငွေဖြူ          =       ကျွဲဦးခေါင်း၏ အလေးချိန်နှင့်အမျှ ငွေဖြူဖြူ
ရွေးမျှ                     =       တရွေးသားမျှ 
မိုးဒေ၀ါ
မိုးဒေ၀ါချိန်ခါလေ၊ ချိန်ခါလေ ချိန်ခါဟုတ်ဘဲ၊ ရွာဖွဲစွေလိုစွေ၊ ရွာဘဲ နေလိုနေ။ ရွှေအာကာဘုံစိုး၊ ပဇ္ဇုန်မင်းငယ်လေ၊ ဘယ်ခင်းနှင့်ငြိုး။ မျှော်မိခိုးငယ်နှင့်၊ ရှစ်ရပ်ခွင်၊ တိမ်နီလာပေါင်ခရမ်း၊ သမ်းညို့ညို့မင်။ အို မိုးနတ်ရှင်က၊ ကယ်ပြုချင်တိုင်း၊ စည်တော်ငယ်နှိုးပါလို့ ၊ တံပိုးငယ်ပြိုင်၊ ဖော်ဝေးသူ တကိုယ်ထူး မူးဝေလို့ မှိုင်။
ပတ်ပျိုးကလေး
Sunday, 15 July 2012
နှင်းစီတဲ့ဆောင်း
ဆောင်းတွင်းငယ်မှပီပီ။         ပေါက်လဲငုံကင်း၊ ထန်းယဉ်နင်းသည်၊ နှင်း စီစီနှင့်လေ။
ရာသီငယ်မှမှိုင်းမို့ ၊ ဆိုင်းဆိုင်းညို့လို့ ၊ တပို့ တွဲဆို၊ တမာလည်းနု၊ ကျေးလည်းဥလို့ ၊ ရှုတိုင်းငယ်စိုသည်၊ မြင်းမိုရ်တောင်ထိပ်က၊ လွမ်းရိပ်ကိုခင်း။
မြစ်တွင်းငယ်မှ သာယာ၊ ရေငွေ့ ခြောင်းခြောင်း၊ နှင်းနှင့်လောင်းလို့ ၊ နှာမောင်းငယ်မှ ညွန့် ရှည်၊ ပင်တိုင်းငယ်စည်ကြတဲ့ ၊ သည်အခါကို၊ သဲသာသောင်ကျယ်ကျယ်နှင့်၊ ရှုဘွယ်ရာပွဲ။
စက်ဖော်ငယ်မစုံ၊ ချမ်းလွန်းလို့  တုန်ခဲ့ ပြီ၊ ကုံရာသီဆောင်းလက်တဲ့ ၊ ဆက်ရက်ညံညံနှင့်၊ လက်ပံငယ်ရွှေတုံးက၊ တောလုံးရဲလေ။
အဲချင်း
ခက်ဆစ်  
ထန်းယဉ်နင်း            =       ထန်းသမားတို့ သည် ထန်းရည်ခံရာ၌ လွယ်ကူစေခြင်းငှာ ထန်းပင်များပေါ်သို့ တက်၍ ထန်းဖူး၊ထန်းခိုင်နှင့်တကွ ပတ်ပတ်လည်ရှိ ထန်းလျက်တို့ ကို အောက်သို့ ကိုင်းညွတ်သွားအောင် ခြေဖြင့်နင်းချခြင်း
နှင်းစီစီနှယ်              =       နှင်းနှယ် တစီစီ ကျနိုင်လေခြင်း
ဆောင်းလက်တဲ့        =       ဆောင်း၏ လက်ကျန်ဖြစ်သည်။ ဆောင်းနှောင်းလက်ကျန်
နွေဦးပွဲ
နွေဦးငယ်မှရာသီ။      ။သရဖီအင်ကြင်း၊ ပိတောက်ကယ်သင်းပါလို့ ၊ လေပြင်းငယ်သုန်သုန်၊ မြူမှုန်ဆိုင်းလှသည်၊ မှိုင်းရီရီငယ်နှင့်လေ။
နဒီငယ်မှမြစ်ဦး၊ လှိုင်းလိပ်ကယ်တက်ပြန်၊ ငါးကြင်းငယ်ဆန်သည်၊ ငါးတန်မြူးလို့ ၊ ပြန့် ပြူးငယ်မှသဲသောင်၊ ကံ့ကော်ရေပန်း၊ မျောနစ်ကယ်မွန်းလို့ ၊ တင်းကျမ်းငယ်ဆောင်သည်၊ တောတောင်နေ အင်းအိုင်က၊ မြစိုင်လိုမောင်း။
တပေါင်းငယ်မှ ရွက်ကျင်၊ တိမ်တောင်ဖြန့် လွှား၊ ရပ်ရှစ်ပါးက၊ မိုးသားငယ်ဆင်သည် ခေါ်ငင်ကာ တက်သက်သို့ ၊ ကျေးငှက်ကနွှဲ။
သို့ သည်ကောဇော၊ သည်ချိန်ခါကို၊ သမာပတ်ဝင်၊ မြတ်ချစ်ရှင်များသော်မှ၊ စံပျော်ရွှင်ပျံပျူးလို့ ၊ ကြည်နူးတော်မူရသည်၊ တိမ်မြူကို လေနှူးတဲ့ ၊ နွေဦးပွဲလေ။
အဲချင်း
ခက်ဆစ်  
သုန်သုန်                  =       အဆက်မပြတ်
တင်းကျမ်း                =       အပြည့်
ရွက်ကျင်                 =       နာကျင်သောအရွက်
Saturday, 14 July 2012
ဆုံးမစာ
၁။      အစ်ကိုကြီးအား၊ ညီငယ်များလည်း စကားနှုတ်ဆက်၊ ဘက်၍မဆို၊ ရိုသေလှစေ၊ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲ့ သို့ မှတ်ပါလေ။
၂။      သေတူရှင်ဘက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍ရုန်းကြလေ။
၃။      တယောက်စကား၊ တယောက်နားမှာ၊ မခါးရအောင်၊ သတိ ဆောင်၍ မောင်တို့  ဆိုလေ၊ ပျားသကာသို့ ချိုလှစေ။
၎။      မတွေ့ ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ရအောင်၊ မာန်မာနကိုချုပ်ကြလေ။
၅။      သေနှင့်အရက်၊ စီးပွားဖျက်ကို၊ တစက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ။
၆။      ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ သူ့ အသက်ကိုချစ်ပါလေ။
၇။      သူ၏ဥစ္စာ သူ့ ဘဏ္ဍာကို၊ မေတ္တာမရှေး၊ သူမပေးက၊ ဆေးတအိုးမျှ၊ မယူကြနှင့်၊ ရှောင်ကြပါလေ၊ ကာမေမိစ္ဆာ၊ သူ့ အိမ်ရာကို၊ မြင်ခါခဏ၊ သူသတ်ကြူးသည့်၊ ဘီလူးမသို့ ၊ စိတ်ကမသွေထင်မိစေ။
၈။      သူ့ ကိုမှား၊ မလှည့်စားနှင့်၊ စကားစမြည်၊ မြွက်သည်စစ၊ ပြောသမျှကို မှန်လှစေ။
၉။      ဘုရားတရား၊ မြတ်ဖျားသင်္ဃာ၊ အရိယာကို၊ မကွာနေ့ ည၊ ဟတ္ထ အဉ္ဖလီ၊ မြှောက်ပင့်ချီသည်၊ ကိုယ်စီနေ့ ည ကိုးကွယ်ကြ။
၁၀။    သူတော်ကောင်းနှင့်၊ ပေါင်းဖော်ယှဉ်တွဲ၊ လူမိုက်မဲကို၊ ရှောင်လွှဲပါလေ၊ ဤသူမြတ်၊ ဤသူလတ်က၊ ညစ်ထပ်ကြမ်းကြုတ်၊ ဤသူယုတ်ဟု၊ အဟုတ်အမှန်၊ မသွေလှန်သည်၊ ဧကန်ဆတ်ဆတ်၊ လူသုံးရပ်ကို သိတတ်စေ။
၁၁။    ငြိမ်သဣနြေ္ဒ၊ တည်ကြည်ထွေဖြင့်၊ သန္ဓေကောင်းမွန်၊ လွန်တော်မှန်လျက်၊ စိတ်မာန် မနှောင့်၊ နှုတ်လက်စောင့်သည်၊ သူကောင်းသွေးရည် ပီလှစေ။
၁၂။    ရပ်သူရွာသား၊ သူကောင်းများ၏၊ နားမှာမဆံ့၊ မခံ့မလေး၊ သူမုန်းဆေးလျှင်၊ ဆဲရေးညစ်ညမ်း၊ ကိုယ်လက်နွမ်းအောင်၊ အသွမ်းမကျင့်ကြလေနှင့်။
၁၃။    အတည်အကျွေး၊ အပေး အကမ်း၊ သေခမ်း ရှင်ခမ်း၊ လူတို့ တမ်းကို၊ အော်အမ်းနိုင်ထွေ၊ လောက၀တ်လည်းသိတတ်စေ။
၁၄။    သူ၏စီးပွား၊ ငါ့စီးပွားကို၊ ထောက်ထားမိစေ၊ ကြီးလောဘကိုမျှတစေ။
၁၅။    မမွှေမနှောက်၊ မကောက်မကျစ်၊ မလိမ်လစ်ပဲ၊ မစဉ်းလဲနှင့်၊ စိတ်ထဲဖြောင့်စေ၊ သူ့ အကျင့်လည်းသိတတ်စေ။
၁၆။    ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ မှန်လှစေ။
၁၇။    ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်၊ လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ၊ ပညာရှိအား၊ ကိုယ်တိုင်သွား၍၊ စကားလိုက်လျော၊ စစပြော၍ နှီးနှောလေ။
၁၈။    မှတ်ဘွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ် အိမ်တွင်ဖတ်။
၁၉။    ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့ တိုင်းကြားက၊ ထူးခြားလိမ္မာရှိသည်သာတည့်။
၂၀။    ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို၊ မယ်ဘွားမိခင်၊ ဆုံးမသင်သို့ ၊ အကြင်ဆရာ၊ တို့ သူငါကို၊ လိမ္မာစေကြောင်း၊ ကောင်းပါစေလို၊ ဆိုပါသမျှ၊ ဩ၀ါဒကို၊ နားမျှမထောင်၊ မကြားယောင်သို့ ၊ မောင်တို့ ပြုက၊ ယခုပစ္စုပ္ပန်၊ နောင်သံသရာ၊ ဆက်များစွာ၌၊ ချမ်းသာမည့်ရေး၊ အလွန်ဝေးသည်၊ သေဘေးမလွဲ၊ ၀ဋ်ဆင်းရဲမှ၊ ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို၊ လွဲဖယ်ကြံစည်လွတ်ပါမည်။
၂၁။    နားလည်စေကြောင်း၊ သို့ ကျင့်ကောင်းစွ၊ သောင်းပြောင်းနှံ့ စပ်၊ သည်တိုင်းမှတ်ဟု၊ ထေရ်မြတ်ဆရာ၊ ရဌသာလျှင်၊ ပညာရကြောင်း၊ ဥာဏ်နှင့်လောင်း၍၊ ရုံးပေါင်းဆင်ခြင်။ ဆုံးမသင်သည်၊ ဤတွင်တခန်းပြီး၏သော်။
ဆုံးမစာ
အညာမင်္ဂလာဆောင်
ကျုပ်တို့ အညာမှာ မင်္ဂလာတမျိုးသာပါ့၊ အဟုတ်ဗျို့ ဓမ္မတာ အစဉ်အလာမညှိုးခဲ့ ပေဘု၊ အရိုးသမကျရှေးလိုပါ့၊ အဖွားကလဲကျီတဆောင်။      ။
အမျိုးကလဲ မသေးပေဘု၊ အဖိုးအဖနှင့်တကွ မေးကြပါတော့၊ တမျိုး ငါ့မြေးဘို့ ရယ်လို့ ၊ အိုကွယ် အဖိုးက ပေးလိုက်ပါတဲ့ နွားညီနောင်။   ။
ဩော် အမိအဖတို့ ကလဲ၊ ပြည့်ပြည့်၀၀တွေမို့ ၊ ရှိသမျှကုန်ချင်ကုန်ရော့လို့ ၊ မယုံလျှင်ကြုံလျှင်မေးပါတော့၊ အလုံတခွင်မှာ ဂုဏ်အင်ကလဲမသးပေဘု၊ မုံရွေးကြေးမုံချောင်းဦးနယ်တလွှားဆီက၊ အလုံကျေးအကုန်မှာ ပြောင်းဖူးသယ်တွေက များလိုက်ပါဘိသနှင့်၊ ဆွေသားရင်းချာ ညာတကာမိတ်တို့ ကိုလ၊ အဖေသွားရင်းသာ လာစရာဖိတ်ခဲ့ တာနှင့်၊ ညအိပ်ညနေအစုံလာကြတော့၊ ခြုံစရာ အကွက်ဖျင်စောင်နှစ်ခုငဲ့ ပြင်၊ ဂုံပုဝါပါတဘက်နှင့် ခြင်ထောင်ကလဲ တခုစီပေါ့၊ လုပ်မှုကိုင်ဘွယ် တောလယ်ယာတခင်းငဲ့ ပြင်၊ ပြောင်းခင်းတစလယ်ဝင်နှင့်၊ လယ်တရှင် စပါးနှစဆယ်ထွက်ကိုလ၊ ရှေးအဆက်ဆက် အကြွေးတက်တက်ပြီး အဝေးမထွက် ရအောင်လို့ တဲ့ ကွယ်၊ ပေးလက်ဖွဲ့ နှောင်။     ။
လမ်းချိုး အရှေ့ က၊ စမ်းရိုးအကွေ့  ခရောင်းယာမှာ၊ ဟောသည်က အထုပ်တွေဖြေဖြေပြီး၊ အကုန်သာ ကြဲလေရော့ ဟဲ့လို့ ၊ ခရမ်းမျိုးစေ့ ကောင်းစွာငြုတ်ဂျုံကုလားပဲသာပေါ့၊ နှမ်မျိုးသွေ့ သွေ့ ပြောင်းဝါငပြုတ်ဖရုံပါဖရဲငဲ့ ပြင်၊ ထမ်းပိုး၍ရောင်းစရာအထုပ်မုံလာခ၀ဲတွေနှင့်၊ အလုပ်စုံရာ ကပဲရယ်လို့ များလက်ဆောင်၊ သားအတွက်ဆိုတော့၊ တအားတက်အောင်ရယ်လို့  ကျုပ်တို့ အမေအိုကလဲ ဓားမရှေ ဓားမတိုတွေနှင့် အခြေကိုနှင်း။ (အိုကွယ်) မယားဘက်ကမောင်တွေကလည်း ပုလွေတိုနှစ်စင်း။  ။
မျိုးဆက်ကာခြုံ၊ အိုးခွက် ပန်းကန် အစုံနဲ့ ၊ ပြေတခွင် သထုံရောက်ရာကဘဲ လွမ်းမိပါရဲ့ ၊ မြေအင်တုံ သောက်စရာ ဇွန်းငဲ့ပြင်၊ ကွမ်းအစ်ပါလွယ်အိတ်တလုံးငယ်နှင့်၊ ပဲခိုးဘူတာမှာလေ၊ ငနဲသခိုးလူညာတွေ မှုန်းလိုက်ပါတဲ့ ၊ ပျောက်သဟာ ထန်းခေါက်ဖာကလဲတလုံးပါဘဲ၊ စုရုံးလိုက်လျှင် တအိမ်ထောင်ပါ့၊ လူ့ ထုံးစရိုက်တွင် တသိန်ပြောင်လောက်ကဲ့ ၊ မင်္ဂလာဆောင်မှာ ခန်းဝင်ကလဲ မနဲပါဘု၊ မွဲဖို့ ရာကံကြမ္မာနှင့်၊ ဖန်လာပုံကုသိုလ်ကလဲ မကောင်းချင်တော့၊ အထက်ဟိုအညာမှာလေ၊ ကြက်ဆိုတာတောင် မလောင်းခဲ့ ပါဘု၊ အညာပြေ ဌာနေဟောင်းဆီက၊ အကြွေးတရာကို ဒွေးခါကလဲ တောင်းပြန်ပေါ့တဲ့ ၊ (အမယ်မင်း) မောင်းစရာရယ်လို့ များ တပ်လိုက်မှဖြင့်၊ ခေါင်းတခါခါနှင့် ဆတ်လှစွာသော၊ လှလှစွေ့ စွေ့ ရယ်နှင့်၊ ၀၀ပြေ့ပြေ့ နပြာတရှဉ်းကိုလှ၊ ကျောင်းတကာကိုသာ အပ်လိုက်ပေရော့၊ ရသရွေ့ ဘာဘာညာညာရယ်လို့  မငြင်းလေနှင့်၊ အိုကွယ် ရောင်းကာသာ၊ ဆပ်လိုက်ပါတော့၊ ရွာရှေ့ က ယာတခင်း။         ။
(စာထောင့်လေးချိုးကြီး)
သခင်ကိုယ်တော်မှိုင်း
Sunday, 8 July 2012
စပ်ဟင်းချို
တခါလေလိုက်ခဲ့ တော့၊ စရိုက်ကယ်ဘာသာ၊ တို့ တောရွာမှာ၊ စားစရာ ဆန်ထမင်းမှာလ၊ မုရင်းနီတျာနှင့်၊ သီတာရောတဲ့ ချိန်ကိုလေး။
စပ်ဟင်းချိုမူ၊ လောရွှေပီနှင့်၊ ပတီရုံး၊ ပြုံးစပ်ကာကျိုပြီးလျှင်၊ ဆီးချိုပင်ရိပ်သာမှာ၊ နှစ်မျက်နှာ ယှဉ်ပြိုင်ပြုံးလို့ ၊ သုံးရအောင်လေး။
လွမ်းချင်း
ခက်ဆစ်  
မုရင်းနီတျာ              =       နီရဲသော မုရင်းစပါး
သီတာ                    =       စပါးတစ်မျိုး၏ အမည်။ ကောက်ကြီးမျိုးတွင် အပါအ၀င်ဖြစ်သည်။
ပြက်ပြက်                 =       အနည်းငယ်
သုံးရအောင်             =       သုံးဆောင်ရအောင်၊ စားရအောင်
မန်ကျည်းသီး
ထန်းစေ့ခွက်ငယ်နှင့်၊ လက်ဖက်ကိုထည့်ကာ၊ တောကငယ်လာ၊ အိတ်ထဲမှာ ဘာပါသတုံးလို့ ၊ နှိုက်ကာမေးတဲ့  အမိရယ်လေး။
လွမ်းချင်း
ခက်ဆစ်  
ကြီးချောင်ကျစ်          =       မန်ကျည်းသီးသည် ကြီးလာသောအခါ အစေ့ချောင်၍အသားကျစ်လာသည်။
ပျိုးနုတ်ကပြန်
ပီလ၀န်း၊ ကန်စွန်းနှင့် ကင်းပုံ၊ ကင်းအငုံ၊ ပျဉ်းထုံထုံမှိုသင်္ကန်းရယ်နှင့်၊ မောင်ဖမ်းတဲ့ လယ်ဗုဇွန်ကို၊ အခွံကိုခွာမခွဲခဲ့ နဲ့ ၊ အထဲမှာအဆီကုန်ရော့၊ နီရုံချက် အမိရယ်လေး။
တောခါချဉ်ကို၊ လက်ငင်ကိုင်ဆုပ်၊ ငပိဖုတ်နှင့်၊ လဲ့လုပ်တဲ့နန်းသူ၊ ပျိုးနုတ်ရာယူခဲ့ပါ့၊ အိမ်သူရဲ့ လမ်းတာကို၊ ပက္ကလာမော်မှမပါလို့  မျှော်ပါ့မယ်လေး။
လွမ်းချင်း
ခက်ဆစ်  
ပီလ၀န်း         =       ၀ိုင်းသောပီလောရွက်
လဲ့လုပ်          =       နွဲ့ နွဲ့ နောင်းနောင်း
ပက္ကလာ        =       ခမောက်ရှည်တမျိုး၏ အမည်
Wednesday, 4 July 2012
စစ်မှာတမူ၊ နှမလေး မယ့်ထက်ဖြူကို၊ မယူဘူးဗျာ
ချစ်တဲ့ သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောင်းမတို့ လေ။
သူများမောင်မှာ၊ စစ်သံကြားလျှင်၊ နားဖျား ဥပါယ်ခိုကြတယ်။
နှမလေး မယ်တို့ မောင်မှာ စစ်သံကြားလျှင်၊ ရွှေဓားပိုက်ကာ၊
အိုးစားဘက်ကို၊ လိုက်လို့ ရှာသည်။
ရိက္ခာကနဲ၊ မိုးကသဲနှင့်၊ သင်းတွဲကိုကူးပါလိမ့် မလားတော်။
စစ်မှာတမူ၊ နှမလေး မယ့်ထက်ဖြူကို ယူမလားတော်။
စစ်မှာယွန်းမ၊ နှမလေး မယ့်ထက်လှကို ရမလားတော်။
စစ်မှာဆွေမျိုး၊ ဘိုးဘွားမောင့်မှာ၊ ရှိသလားတော်။
စစ်မှာတမူ၊ နှမလေးမယ့်ထက်ဖြူကို၊ မယူဘူးဗျာ။
စစ်မှာယွန်းမ၊ နှမလေး မယ့်ထက်လှကို မရဘူးဗျာ။
စစ်မှာဆွေမျိုး၊ ဘိုးဘွားမောင့်မှာ၊ မရှိဘူးဗျာ။
ရေမြေ့သခင်၊ ရှင်ဘုရင်က ၊ မိန့် တော်စာနှင့်၊ အပါချသည်၊ လိုက်ရတော့မယ်။
မြင်းမှာအုန်းခွံ၊ ကျွန်မှာကုလား၊ ဓားမှာမိုးကြိုး၊ စစ်သည်ပုံမှာ၊
ကျွန်ယုံစားမို့ ၊ မောင်ကလေး၊ မောင်သာလိုက်တဲ့ ၊ တောင်ပတ်လယ်နှင့်၊
အိုင်ချင်း
ခက်ဆစ်  
ဥပါယ် (ပါဠိ)             =       လတ်တလောဥာဏ်
ခို                          =       ခိုကပ်ကြသည်။
အိုးစား                    =       စစ်ချီတက်ရာတွင် တအိုးတည်းစားဘော်စားဘက်
ယွန်းမ                    =       ယွန်းပြည်က အမျိုးသမီး
အပါချသည်             =       စစ်ချီရာသို့ လိုက်ပါရန် အမိန့် စာနှင့် ဆင့်ဆိုခေါ်ယူသည်။
အုန်းခွံ                    =       အုန်းသီးခြောက်၏ အရောင်အမွေးရှိသောမြင်း
ဓားမှာမိုးကြိုး            =       အသွားတွင်မိုးကြိုးထည့်၍ပြုလုပ်သောဓားကောင်းတစ်မျိုး